သင့်ရဲ့အဆုတ် မကောင်းတော့ဘူးဆိုတာကို သတိပေးနေတဲ့ လက္ခဏာများ
ဝင်သက်ထွက်သက်က လူတိုင်းအတွက် မရှိမဖြစ် အရေးကြီးသလို ဝင်သက်ထွက်သက်တိုင်းမှာ အရေးအပါဆုံးက အဆုတ်တွေပါ။ ခန္ဓာကိုယ်မှာ အဆုတ်နှစ်ခု ပါရှိပြီး သန့်စင်တဲ့ အောက်ဆီဂျင်တွေကို ခန္ဓာကိုယ်တစ်ခုလုံးကို ပို့ဆောင်ပေးဖို့နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို လေထုထဲကို စွန့်ထုတ်ဖို့အတွက် အဓိက လုပ်ဆောင်ပေးပါတယ်။
အဆုတ်မှာ ရောဂါတွေ ဖြစ်တဲ့အခါ ရောဂါလက္ခဏာတွေကို သတိမပြုမိတာကြောင့် အချိန်လွန်ကာမှ သိပြီး အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ ပေါက်ရသလို ဝေဒနာတွေ ခံစားရတာ၊ လက်လွှတ်ဆုံးရှုံးလိုက်ရတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုတွေ မဖြစ်ရလေအောင် အဆုတ်မကောင်းမှန်း သတိပေးနေတဲ့ လက္ခဏာတွေကို သတိထားနိုင်ဖို့ ပြောပြပါမယ်နော်။
- ချွဲတွေ အများကြီးထွက်တာ - အသက်ရှူလမ်းကြောင်းထဲကို ရောဂါပိုးတွေ၊ ဖုန်မှုန့်နဲ့ အမှုန်အမွှားတွေ ဝင်ရောက်လာတဲ့အခါ ချွဲတွေထုတ်ပေးတာက ခုခံကာကွယ်ခြင်း တစ်မျိုးပါ။ အကယ်၍ ချွဲတွေထွက်နေတာက လပိုင်းလောက်ရှိလာရင်တော့ အဆုတ်မှာ ရောဂါတစ်ခုခု ရှိနေတဲ့ လက္ခဏာ ဖြစ်ပါတယ်။
- နာတာရှည် ချောင်းဆိုးနေတာ - ချောင်းဆိုးတာက အသက်ရှူစနစ်မှာ ချို့ယွင်းမှုရှိနေတယ် ဆိုတာကို အစောဆုံးပြတဲ့ လက္ခဏာတစ်ခုပါ။ ချောင်းဆိုးတာက ရက်သတ္တပတ် ၈ ပတ်ထက် ကျော်လာရင် အဆုတ်နဲ့ လေပြွန်တွေကို စစ်ဆေးသင့်ပါပြီ။ တီဘီအဆုတ်နာ၊ အဆုတ်ကင်ဆာ၊ နာတာရှည်လေပြွန်ကျဥ်းတဲ့ရောဂါနဲ့ အဆုတ်တွင်း ရောဂါပိုးဝင်တာတွေကြောင့် ချောင်းဆိုးတာ အဖြစ်များပါတယ်။
- ချောင်းဆိုးရင် သွေးပါတာ - တီဘီအဆုတ်နာ၊ အဆုတ်ကင်ဆာနဲ့ လေပြွန်ရောင်တာတွေ ဖြစ်ရင် ချောင်းဆိုးသွေးပါ ဖြစ်နိုင်ပါတယ်။
- အမောမခံနိုင်တာ - လေ့ကျင့်ခန်းလုပ်လို့ မောတာမျိုး မဟုတ်ဘဲ နည်းနည်းလှုပ်ရှားယုံနဲ့ မောနေရင်တော့ အဆုတ် သို့မဟုတ် နှလုံးမှာ ပြဿနာရှိနေပြီမို့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသရမှာပါ။
- ရင်ဘတ်ထဲက ရွှီရွှီသံမြည်နေတာ - အသက်ရှူတဲ့အခါ ရင်ဘတ်ထဲက တရွှီရွှီ မြည်နေရင် လေပြွန်တွေ ကျဥ်းနေလို့ပါ။ ပန်းနာရင်ကြပ်ရောဂါ၊ နာတာရှည်လေပြွန်ကျဥ်းရောဂါ၊ နမိုးနီးယာအဆုတ်ရောင်နဲ့ လေပြွန်ရောင်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။
- ရင်ဘတ်အောင့်တာ - အကြောင်းပြချက်မရှိ ရင်ဘတ်အောင့်နေတတ်ပြီး အသက်ရှူချိန်၊ ချောင်းဆိုးချိန်တဲ့ ရယ်တဲ့အချိန်တွေမှာ ပိုဆိုးနေရင် အဆုတ်ကင်ဆာရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။
- လက်သည်းခြေသည်းတွေ ပြာနေတာ - ခြေသည်လက်သည်းတွေ ပြာနေတာဟာ အဆုတ်ကနေ သွေးထဲကို အောက်ဆီဂျင် လုံလောက်စွာ ပို့မပေးနိုင်ဘူး ဆိုတာ ပြနေတဲ့ လက္ခဏာဖြစ်ပြီး ဆေးရုံဆေးခန်းကို ချက်ချင်းသွားပြီး ပြသဖို့ လိုအပ်ပါတယ်။
- အသံပြောင်းလာတာ - အဆုတ်မကောင်းတဲ့အခါ အားမရှိလို့ ဖြစ်စေ၊ လေမလုံလောက်လို့ ဖြစ်စေ အသက်ကို ဝအောင် မရှူထုတ်နိုင်တဲ့အခါ အသံကလည်း တိုးသွားတတ်ပါတယ်။
- ကိုယ်အလေးချိန်ကျလာတာ - အကြောင်းပြချက်မရှိ ကိုယ်အလေးချိန်ကျလာစေတဲ့ တရားခံတွေထဲမှာ အဆုတ်ကင်ဆာနဲ့ တီဘီအဆုတ်နာလည်း ပါဝင်ပါတယ်။
- ပခုံးနာတာ - အဆုတ်ကင်ဆာ သို့မဟုတ် အဆုတ်သွေးကြောထဲမှာ သွေးခဲပိတ်တဲ့ရောဂါ (Pulmonary Embolism) တွေမှာ ပခုံးနာတတ်ပါတယ်။
အခုပြောခဲ့တဲ့ လက္ခဏာတွေ တစ်ခုခုဖြစ်စေ၊ တစ်ခုထက်ပိုပြီး ဖြစ်စေ ရှိနေခဲ့ရင် ပေါ့ဆမနေဘဲ အဆုတ်နဲ့ လေပြွန်တွေမှာ ရောဂါရှိနေသလားဆိုတာကို စစ်ဆေးသင့်ပါတယ်။ ဒါမှသာ ကျန်းမာတဲ့ အဆုတ်တွေကို ပိုင်ဆိုင်နိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်